သေခါနီးနောင်တ
Bronnie Ware ဆိုတာ သြစတြေးလျနိုင်ငံက စာရေးဆရာမ သီချင်းရေးဆရာနဲ့ လူတွေကို စိတ်ဓာတ်မြင့်တင်စေဖို့ ဟောပြောပေးနေတဲ့ လူတယောက်ပေါ့။ သူရေးခဲ့တဲ့ ဘဝနေဝင်ချိန်ရောက်နေသူတို့ရဲ့နောင်တ (The Regrets of The Dying) ဆိုတဲ့ ဆောင်းပါးဟာ စရေးတဲ့နှစ်မှာပဲ လူ ၃ သန်းကျော်လောက် ဖတ်ခဲ့ကြပါတယ်။ သူက တမလွန်ဘဝကို မကြာခင်ရောက်သွားတော့မဲ့ လူမမာတွေကို ပြုစုရင်းနဲ့ သူတို့ပြောခဲ့ ခံစားခဲ့ရတာတွေကို မှတ်ထားခဲ့တယ်။ ဒီမှတ်ထားတာတွေကို အနှစ်ချုပ်လိုက်ရင် ဒီလူမမာတွေမှာ တူကြတဲ့ နောင်တ(၅)ခုရှိပါတယ်တဲ့။
(၁) ငါ့ဘဝမှာ ငါလုပ်ချင်ခဲ့တာတွေကို သူများပြောမှာမကြောက်ပဲ သတ္တိရှိရှိလုပ်ခဲ့ရင် ကောင်းမှာ…
ဒီတချက်ကတော့ လူတိုင်းလောက်လိုလိုမှာ တွေ့ရပါတယ်။ မကြာခင် တကယ် သေရတော့မှာပါလား ဆိုတဲ့ အသိက ငါ့ဘဝတလျောက်လုံးဘာတွေနဲ့ အချိန်ကုန်ခဲ့ပါလိမ့်၊ ငါလုပ်ချင်ခဲ့တာတွေ ဘယ်လောက်များပြီးအောင် လုပ်နိုင်ခဲ့ပြီလဲဆိုတာကို ပြန်စဉ်းစားစေပါတယ်။ လူတော်တော်များများကတော့ သူတို့လုပ်ချင်တာရဲ့ ထက်ဝက်လောက်တောင် ပြီးအောင် မလုပ်နိုင်ခဲ့ဖူးဆိုတဲ့အသိနဲ့ပဲ ဆုံးသွားကြပါတယ်။ ဒါကလဲ ကိုယ်ကိုယ်တိုင်က အဲလိုဖြစ်လာအောင် ဖန်တီးယူခဲ့ကြလို့ပါပဲ။
ကိုယ့်ဘဝမှာ ကိုယ်လုပ်ချင်တာတွေကို အတော်အသင့်လောက်တော့ပြီးအောင် လုပ်ခဲ့ကြဖို့ အရေးကြီးလှပါတယ်။ ကိုယ်လုပ်ချင်တာတွေလုပ်နိုင်ဖို့ ကျန်းမာရေးကောင်းဖို့ သိပ်အရေးကြီးတယ်။ ဒါကိုလဲ ကိုယ်တိုင် မကျန်းမာတော့မှပဲ သိလာတဲ့လူတွေများပါတယ်။
(၂) ငါဒီလောက်ကြီး အလုပ်ထဲမှာ အချိန်ကုန်ခံ အပင်ပန်းခံပြီး မရုန်းကန်ခဲ့ရင် ကောင်းမှာ…
ဒါကတော့ အမျိုးသားအားလုံးလိုလိုနဲ့၊ မိသားစုဝင်ငွေကို အဓိကရှာခဲ့ရတဲ့ အမျိုးသမီးတွေမှာ ဖြစ်လေ့ရှိတယ်။ သူတို့က တချိန်လုံးအလုပ်ရဲ့ဖိစီးတဲ့ ဒဏ်နဲ့ မက်လောက်စရာဝင်ငွေ နှစ်ခုကြားမှာပဲ လုံးလည်လိုက်နေခဲ့တာကို အရမ်း နောင်တရကြတယ်။ ကိုယ့်ရဲ့ ဘဝလက်တွဲဖော်နဲ့ သားသမီးတွေနဲ့ ပျော်ပျော်ရွင်ရွင်နေဖို့ အချိန်များများမပေးနိုင်ခဲ့ရှာဘူး။
ကိုယ်တွေရဲ့ နေထိုင်စားသောက်တဲ့စရိုက်ကို အတတ်နိုင်ဆုံး ရိုးရိုးရှင်းရှင်းဖြစ်အောင်လုပ်လိုက်ရင် ငွေရှာရမယ့်အချိန်တွေ အစား ကိုယ့်ဖာသာပျော်အောင်နေဖို့ အချိန်ပိုတွေထွက်လာမှာပါ။ တချိန်က လိုကိုလိုတယ် ရမှဖြစ်မယ်လို့ ထင်တာတွေကလည်း ဒီလောက်ကြီးမဟုတ်ပါလားဆိုတာ သိလာမှာပါ။ ဒီလိုနေလာနိုင်ပြီဆိုရင် ကိုယ့်ဘဝနဲ့ပိုပြီး သင့်တော်တဲ့ အခွင့်အလမ်းသစ်တွေကို စဉ်းစားလက်ခံ လာနိုင်ပါလိမ့်မယ်။
(၃) ငါခံစားနေခဲ့ရတာတွေကို သတ္တိရှိရှိနဲ့ဖွင့်ပြော ဖွင့်ပြနိုင်ခဲ့ရင် ကောင်းမှာ…
လူတော်တော်များများက ကိုယ့်စိတ်ထဲရှိတာကို ထုတ်ပြဖို့ဝန်လေးကြတယ်။ သူများတွေက တမျိုးထင်မှာ လူတွေကြားမှာ အေးအေးဆေးဆေးနေလို့ အဆင်မပြေမှာတွေးပြီး မလုပ်နိုင်ကြဘူး။ ဒီတော့ ကိုယ့်မှာဘာအရည်အချင်းတွေရှိလဲဆိုတာ ပြခွင့်မရတော့ပဲ သူလိုငါလိုလူတွေကြားမှာပဲ ရောရောင်ပါသွားကြတယ်။ တချို့ဆို ခါးသီးတဲ့ အတွေ့အကြုံတွေကို မျိုသိပ်ရတာများလာတော့ ရောဂါတွေတောင်ဖြစ်ကြရတယ်။
တခြားလူတွေက ကိုယ့်အပေါ်ထင်တဲ့အမြင်ကို သွားပြောင်းလို့ မရနိုင်ပါဘူး။ ကိုယ်ကစပြီးတော့ စိတ်ထဲရှိတာတွေ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားပြောပြီဆိုရင် အစမှာတော့ တမျိုးမြင်ကြပေမယ့် အချိန်ကြာလာရင် ပိုပြီးသိသာ ပြည်စုံတဲ့ ဆက်ဆံရေးတခုဖြစ်လာနိုင်ပါတယ်။ ဒါမှမဟုတ်လဲ ဟန်ဆောင်ပေါင်းနေတဲ့လူတွေနဲ့ ကွဲသွားတာပေါ့။ ဘယ်လိုဖြစ်ဖြစ် အရှုံးတော့ မရှိပါဘူး။
(၄) ငါ့မိတ်ဆွေသူငယ်ချင်းကောင်းတွေနဲ့ အဆက်အသွယ်မပြတ်ရှိနေခဲ့ရင် ကောင်းမှာ…
သူငယ်ချင်းကောင်းတွေနဲ့ ပျော်ရတဲ့အချိန်တွေ သူတို့ရဲ့အကူအညီနဲ့ကျေးဇူးတွေကို ဆုံးခါနီးအချိန်တွေမှာ သတိရတမ်းတ လာတတ်ကြပါတယ်။ ဒါပေမယ့် အဲဒီအချိန်တွေမှာ သူတို့ကိုပြန်ရှာဖို့ တော်တော်နောက်ကြသွားခဲ့ပြီလေ။ ကိုယ့်ဘဝနဲ့ကို ရုန်းကန်ရင်း အချိန်တွေကြာလာတော့ အဆက်အသွယ်ပျက်သွားကြတယ်။ လူတော်တော် များများက ဆုံးခါနီးမှာ ဒီသူငယ်ချင်းတွေကို သတိရတမ်းတ တွေ့ချင်လာတတ်ကြတယ်၊ သူတို့တွေနဲ့ အချိန်ပိုပေးပြီး မနေနိုင်ခဲ့တာတွေကို တွေးပြီး စိတ်မကောင်းဖြစ်ကြရတယ်။
ကိုယ့်ဘဝနဲ့ကို ရုန်းကန်ရင်းနဲ့ အလုပ်တွေရှုပ်နေခဲ့တော့ သူငယ်ချင်းတွေအတွက် အချိန်မပေးနိုင်ခဲ့ကြဘူး။ တကယ်တမ်း သေရတော့မှာပါလားလို့ သေချာသိတဲ့ အချိန်ရောက်တော့ ကိုယ်တိုင်လိုချင်လွန်းလို့ ရုန်းကန်ပြီး အချိန်နဲ့လဲလှယ် အရယူခဲ့ရတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေထက် ချစ်ရခင်ရတဲ့လူတွေနဲ့ အဲဒီသံယောဇဉ်တွေကိုပဲ အလေးထားလာပါတော့တယ်။ ကျန်ရစ်ခဲ့မယ့် လူတွေအတွက် ပစ္စည်းဥစ္စာတွေ စီစဉ်ပေးခဲ့ရတာတော့ ရှိတာပေါ့လေ။ ဒါပေမယ့် နောက်ဆုံးအချိန်တွေမှာ ကိုယ်အပြင်းအထန်ရှာခဲ့ အရေးပေးခဲ့တဲ့ ငွေကြေးဥစ္စာပစ္စည်း ဂုဏ်ဒြပ်တွေထက် ချစ်ခင်ခဲ့ရတဲ့ သံယောဇဉ်တွေကိုပဲ အလေးပေးလာပါတော့တယ်။
(၅) ငါ့ကိုငါ အခုထက်ပိုပြီး အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နေခဲ့ရရင် ကောင်းမှာ…
ဒါကလည်း ဆုံးခါနီးလူတိုင်း ခံစားရတတ်ပါတယ်။ တော်တော်လဲ အံ့ဩဖို့ကောင်းတယ်။ လူတော်တော်များများက ခေါက်ရိုးကြိုးပြီးသား အတွေးအခေါ်တွေနဲ့ ပုံစံခွက်တခုထဲမှာပဲ ဘဝကိုရုန်းကန်ခဲ့ကြတယ်၊ အများစုက တန်ဖိုးထားတဲ့ ရုပ်ပစ္စည်းတွေကပေးတဲ့ သာယာမှုတွေ ထဲမှာပဲပျော်ခဲ့ကြတယ်။ ကိုယ့်ဘဝအတွက်ကို အချိန်ပေးပြီး တကယ့်ကို အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေလို့ရပေမယ့် မနေခဲ့ကြဘူး။ သူများတွေ ကို့အပေါ်မြင်လာမယ့် အမြင်တွေကို ဂရုစိုက် အရေးပေးရင်း ကြေနပ်နေခဲ့ကြတယ်။ ဒါပေမယ့် တကယ့်စိတ်ရင်းထဲမှာတော့ အားပါးတရ ရယ်လို့ရမယ့် လူတွေက ငကြောင်အရှုးလို့ပြောမယ့် ဟာတွေကို လုပ်ကြည့်နေချင်ခဲ့တယ်။
တကယ်တမ်း သေရတော့မယ်လဲဆိုရော သူများတွေက ကိုယ့်အပေါ် ဘယ်လိုထင်မှာတွေ ဘာတွေ ဂရုမစိုက်တော့ပါဘူး။ ဒီတော့မသေခင်ရှိတဲ့ အချိန်တွေမှာ တခြားလူတွေရဲ့ အထင်အမြင်တွေကို ဘေးချပြီး လှိုက်လှိုက်လှဲလှဲ ပြုံးနိုင်ရယ်နိုင်မယ့် ဘဝတခုထဲမှာ နေသွားကြရအောင်ပါ။
ဒီစာကို http://www.bronnieware.com/regrets-of-the-dying/ ကရပြီး တတ်သလို ဘာသာပြန်ထားတယ်









