“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လာမယ့် နိုင်ငံရေးကို မျှော်ပြီးတော့ ၁၀နှစ်စာလောက် ကြိုလုပ်လိုက်တယ်”
“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နောက်လာမယ့် နိုင်ငံရေးအခင်းအကျင်းကို မျှော်ပြီးတော့ ဆယ်နှစ်စာလောက် ကြိုလုပ်လိုက်တယ်လို့ ယူဆပါတယ်၊ hard - liner တွေဖြစ်ဖို့များတယ်။”
ဒေါက်တာအောင်မျိုး - (ဗိုလ်မှူး-ငြိမ်း၊ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ)
ပြီးခဲ့တဲ့ရက်ပိုင်းက တပ်မတော် ထိပ်ပိုင်းရာထူးတချို့ အပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး မျိုးဆက်သစ် အရာရှိတွေကို တဆင့်မြှင့် ရာထူးတိုးနဲ့ နေရာပေးခံရမှုအပေါ် မြန်မာနိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးရဲ့ သုံးသပ်ချက်အမြင် ဖြစ်ပါတယ်။
(တပ်မတော် စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော အငြိမ်းစားယူခဲ့ပြီး ၎င်းစစ်ထောက်ချုပ် နေရာကို အသက် ၄၈ နှစ်သာရှိသေးတဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာလင်းဟာ ဒုတိယဗိုလ်ချုပ်ကြီးရာထူးနဲ့ ရောက်ရှိလာခဲ့ပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းဟာ တပ်မတော်မှာ အသက်အငယ်ဆုံး ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနေရာအတွက် နေပြည်တော်မှ စစ်ဦးစီးအရာရှိတာဝန် ထမ်းဆောင်နေသူ ဗိုလ်မှူးချုပ် ကိုကိုဦး ရောက်ရှိလာခဲ့ပါတယ်။ ဗိုလ်မှူးချုပ်ကိုကိုဦးရဲ့ စစ်ဦးစီးအရာရှိနေရာကို ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်မှ စစ်ဗျူဟာအဖွဲ့ (အခြေချ) ကော့သောင်း စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဝေလင်းကို တာဝန်ပေးလိုက်တယ်လို့ သိရပါတယ်။
နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်ဟာ ဒုတိယဗိုလ်ချုပ်ကြီးရာထူးတိုးကာ သက်ပြည့်ပင်စင်နဲ့ အငြိမ်းစားယူသွားခဲ့တာကြောင့် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေမှာ နေပြည်တော်တိုင်းစစ်ဌာနချုပ်သို့ တိုင်းမှူအဖြစ် ရောက်ရှိလာခဲ့ပါတယ်။ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေ နေရာကို စစ်ဆင်ရေးကွပ်ကဲမှူဌာနချုပ် (စကခ-၁၂) မှ ဗိုလ်မှူးချုပ်စောသန်းလှိုင်ကို တာဝန်ပေးလိုက်တယ်လို့ သိရပါတယ်။)