ရွှံ့မီးခွက်တွေ
ပန်းသီးကအိမ်ရှေ့မှာထိုင်ပြီး စွန်ချိုးနေတဲ့ကိုငယ့်ကိုထိုင်ကြည့်နေတယ်။ မနက်တုန်းက အမေဈေးမထွက်ခင် ကိုငယ့်ဆီမှာ ပန်းသီးကိုအပ်ထားခဲ့တာ။
“မောင်ငယ်… ညီမလေးကို သေချာထိန်းနော်။ နေပူထဲအရမ်းမထွက်စေနဲ့။ ရွာရိုးကိုးပေါက်လည်း လျှောက်ဆော့မနေနဲ့။ ပန်းသီးမနေ့ကတည်းက နှာစီးချင်နေတာ။ ကြားလား။ ကလေးကို တစ်ယောက်တည်းလည်း မထားခဲ့နဲ့ဦးနော်။ မျက်စိရှေ့မှာပဲထား။ ကလေးတစ်ခုခုဆို နင့်အမေ့အကြောင်း သိတယ်မဟုတ်လား”
“ဟုတ်”
ကိုငယ်ကပြီးစလွယ် “ဟုတ်” လို့ ပြောလိုက်တာ ပန်းသီးသိသားပဲ။ အခုတော့ သူကပန်းသီးကိုကြည့်တာလား။ ပန်းသီးကပဲသူ့ကိုပြန်ကြည့်နေရလား မသိတော့ပါဘူး။ ကိုငယ်ကပန်းသီးကိုထိန်းချင်တာမဟုတ်ဘူး။ သူ့သူငယ်ချင်းတွေနဲ့ပဲလျှောက်ဆော့ချင်နေတာ။ အရင်ကတော့ ပန်းသီးကို မမကြီးထိန်းတာပါ။ မမကြီးကယောကျ်ားယူသွားပြီး သူ့ယောကျ်ားနေတဲ့ရွာကိုလိုက်သွားတာနဲ့ အခုတော့ ပန်းသီးကို ကိုငယ်ကပဲထိန်းရတော့တာပေါ့။ အမေက နေ့တိုင်းဈေးထွက်ရောင်းနေရတာဆိုတော့ မအားဘူးလေ။ ပန်းသီးကကိုငယ့်ကိုချစ်တယ်။ အမေကကိုငယ့်ကိုဆူရင်၊ ရိုက်ရင် ပန်းသီးကမကြိုက်ဘူး။ အမေကိုငယ့်ကိုရိုက်ရင် ပန်းသီးကကိုငယ့်ရှေ့ကနေကာပေးတာပဲ။ အဲဒီအခါကျရင် အမေက တခါတလေဆက်မရိုက်တော့ပေမယ့်၊ တခါတလေကျရင်တော့ နှစ်ယောက်လုံးကိုရိုက်တော့တာပဲ။ ကိုငယ်ငိုရင် ပန်းသီးပါငိုချင်လာရော။ ကိုငယ်ကတော့ ပန်းသီးကိုသိပ်မချစ်ဘူးနဲ့တူပါတယ်။ သူစိတ်ကြည်နေရင်တော့ ကောင်းကောင်းမွန်မွန်ပြောဆိုပေမယ့် အမြဲတမ်းနီးပါးကတော့ အမေ့ကွယ်ရာရောက်တာနဲ့ ပန်းသီးကိုမာန်နေတော့တာ။
“ခွေးမကလေး… နင်မွေးလာလို့ ငါကောင်းကောင်းတောင် မဆော့ရတော့ဘူး”
“ပန်းသီးပုတ်မ… ငါနဲ့ဝေးဝေးနေ။ ပန်းသီးပုတ်နံ့နံတယ်”
“ငါဖိုးကျော်တို့နဲ့ ချောင်းထဲရေသွားကူးမလို့ဟာကိုဟာ… အမေကနင့်ကိုထိန်းခိုင်းပြန်ပြီ။ နင်အမေ့ဗိုက်ထဲသာ ပြန်ဝင်နေလိုက်ပါတော့။ သိပ်ရှုပ်တာပဲ”
ကိုငယ်ဘယ်လောက်မာန်မာန်ပါ။ ပန်းသီးကတော့ မနာပါဘူး။ ကိုငယ်လျှောက်ဆော့တဲ့နောက်ကို လိုက်နေရရင်ကို ပျော်နေတော့တာပဲ။ ဒါပေမယ့် နေပူထဲလျှောက်ဆော့လိုက်၊ ချောင်းထဲရေဆင်းကူးလိုက်လုပ်လို့ တခါတလေ ပန်းသီးနေမကောင်းဖြစ်ရင် ကိုငယ်ပဲအဆူခံရတာကိုတော့ ပန်းသီးစိတ်မကောင်းဘူး။ တခါကလည်း ကိုငယ်ကအဆူခံရတာများတော့ သူသွားကစားတဲ့နောက်ကို ပန်းသီးကိုခေါ်မသွားတော့ဘဲ အိမ်မှာတစ်ယောက်တည်းထားခဲ့တယ်လေ။ ပန်းသီးကအိမ်ရှေ့မှာ တစ်ယောက်တည်းဆော့နေရင်း ရေချိုးတဲ့စဉ့်အိုးကြီးထဲကရေကို ကုန်းခပ်လိုက်တာ စဉ့်အိုးထဲကိုဇောက်ထိုးကျသွားတယ်။ ခြေနှစ်ဖက်က မိုးပေါ်မှာ ကားယားကားယားနဲ့ရေနစ်နေတုန်း အမေပြန်ရောက်လာလို့ ပန်းသီးမသေခဲ့တာပေါ့။ အဲဒီတုန်းကဆိုရင် အမေကကိုငယ့်ကိုရိုက်လိုက်တာဆိုတာလေ… ဘကြီးဖြိုးတို့တောင်ဝင်ဆွဲရတယ်။
“တော်ပြီလေ မမိုးသူရယ်… မောင်ငယ်လည်း မှတ်လောက်ပါပြီဟ။ နင့်ဟာက အလွန်အကျွံတွေ ဖြစ်ကုန်တော့မယ်။ အခုလည်း ပန်းသီးလေးဘာမှမဖြစ်တာကို”
“ဖြစ်သွားရင်ရော အစ်ကိုကြီးရယ်။ ဒါလေးတောင် မအေကိုမကူညီနိုင်ရင် သားယောက်ျားလေးကို ကျွန်မကဘယ်လိုအားကိုးရတော့မှာလဲ။ ကျွန်မလည်း အားတာမဟုတ်ဘူး အစ်ကိုကြီးတို့တွေ့တဲ့အတိုင်းပဲ”
“အေးပါ… ဟုတ်ပါတယ်။ ဒီလောက်ရိုက်ရင်တော်တော့လို့ ပြောနေတာ။ မောင်ငယ်လည်း ကလေးပဲရှိသေးတယ်ဆိုတာ နင်မမေ့နဲ့ဦး”
အဲဒီတုန်းကဆိုရင် ပန်းသီးကိုငယ့်ကိုသနားလိုက်တာလေ။
အဲဒါဖြစ်ပြီးကတည်းက ကိုငယ်ကပန်းသီးကို အမြဲစိတ်တိုနေတော့တာပဲ။ ပန်းသီးကလည်း အဲဒီတစ်ခေါက်ကိုငယ်အရိုက်ခံရပြီးကတည်းက ကိုငယ့်ကိုအလွတ်မပေးတော့ဘူး။ ကိုငယ်ပန်းသီးကို ဘယ်လောက်မာန်မာန် ကိုငယ်လှုပ်တာနဲ့ ပန်းသီးကလိုက်ဖို့ပြင်ပြီးသားပဲ။ အဲဒါမှ အမေ့ဆီကနေ ကိုငယ်ထပ်အရိုက်မခံရမှာလေနော်။ အဲဒီလိုတော့ ပန်းသီးကထပ်အဖြစ်မခံနိုင်တော့ဘူး။
အခုလည်းစွန်ချိုးနေတာဆိုတော့ ခဏနေရင်စွန်သွားလွှတ်တော့မှာကိုသိလို့ ပန်းသီးထိုင်စောင့်နေတာ။
“မောင်ငယ်ရေ… ဟေ့ရောင်”
ဝင်းထဲကိုအော်ပြီးဝင်လာသံကြားကတည်းက ကိုငယ့်သူငယ်ချင်း ကိုဖိုးကျော်နဲ့ကိုပေတူးဆိုတာ သိပြီးသားပဲ။
“ဟာ… ဘာလုပ်နေတာတုန်း။ မင်းမလာနိုင်လို့ ပူစူးမတို့ကသွားခေါ်ပါဦးဆိုလို့ လာခေါ်တာ။ မင်းကအေးဆေးထိုင်နေတယ်”
ကိုဖိုးကျော်က ကိုငယ့်ကိုအပြင်ခေါ်သွားမလို့နဲ့တူတယ်။
“မင်းစွန်ကကောင်းလိုက်တာ။ တော်တော်ခိုင်မယ့်ပုံပဲ။ ဟေ့ရောင်… ငါ့ကိုလည်းတစ်ခုလုပ်ပေးကွာ။ လိုတဲ့ပစ္စည်းပြောလိုက်။ ဒါမျိုးနဲ့ဆို ဟိုကောင်တွေလွှတ်နေတဲ့စွန်ကို အသာလေးဖြတ်နိုင်တယ်ကွ”
ကိုပေတူးကတော့ ကိုငယ့်စွန်ကိုကြည့်ပြီး သဘောတွေကျနေသေးတာ။
“သွားမယ်လေ။ ဟေ့ရောင် လာ”
“ဘယ်သွားမှာလဲ”
“ဟာဟေ့ရောင်… မနေ့ကပြောလိုက်တယ်လေကွာ။ မနက်ဖြန်သီတင်းကျွတ်ပြီ။ ရွှံ့သွားခူးမယ်။ ဒီနှစ်ကိုရွာဝင်လမ်းတလျှောက်လုံး မီးခွက်အပြည့်ထွန်းမှာတဲ့။ ပူစူးမတို့အစ်မက သူတို့ကာလသမီးအဖွဲ့ပါ မီးခွက်ဝိုင်းလုပ်ပေးမယ်တဲ့။ ငါတို့ကို ရွှံ့သာများများခူးခဲ့တဲ့”
“ငါပန်းသီးမကိုကြည့်နေရတာ”
“ခေါ်ခဲ့ပေါ့ကွာ”
ကိုပေတူးကဝင်ပြောတော့ ကိုငယ်ကကိုပေတူးကို မကျေမနပ်လှမ်းကြည့်ပြီး ပြန်ဖြေတယ်။
“လယ်ထဲကိုပန်းသီးမကိုခေါ်သွားရင် သူ့စောင့်ခေါ်နေရတာနဲ့ကို ဘာမှလုပ်လိုက်ရမှာမဟုတ်ဘူး။ ရှုပ်တယ်”
ကိုငယ်နဲ့ သူ့သူငယ်ချင်းနှစ်ယောက်ကခဏငြိမ်သွားပြီး စဉ်းစားနေကြတယ်။ ပန်းသီးကတော့ သူတို့မျက်နှာတွေကို လိုက်ကြည့်နေရတာပေါ့။
“နေဦး… ငါ့မှာနည်းလမ်းရှိတယ်”
ကိုဖိုးကျော်ကပြောပြီး ပန်းသီးဘက်ကိုလှည့်လိုက်တယ်။
“ပန်းသီး… ငါတို့လယ်ထဲဆင်းမလို့ နင့်အစ်ကိုကိုလာခေါ်တာ။ နင်ဘကြီးဖြိုးတို့အိမ်မှာ ခဏသွားနေလိုက်နော်။ ပြန်လာရင်နင်ဖို့ရွှံ့မီးခွက်လုပ်ပေးမယ်။ ဗာဒံရွက်တွေနဲ့လေ”
ပန်းသီးကခေါင်းခါလိုက်တယ်။
“အိုးပုတ်တွေလည်း လုပ်ပေးမယ်လေ။ မလိုက်နဲ့နော်”
ကိုပေတူးကလည်းဝင်ပြောပြန်တယ်။
“လိုက်မှာ”
ပန်းသီးကနှုတ်ခမ်းဆူပြီးပြောတော့ ကိုငယ်ကပန်းသီးကိုဘုကြည့်တစ်ချက်ကြည့်ပြီး သူ့သူငယ်ချင်းတွေကို ခေါင်းခါပြလိုက်တယ်။ ကိုဖိုးကျော်က အလျှော့မပေးဘဲ ဆက်ပြောပြန်တယ်။
“လယ်ထဲဆင်းတဲ့လမ်းမှာ ညောင်ပင်ကြီးရှိတယ်ဟုတ်။ နင်သိတယ်မလား”
ပန်းသီးခေါင်းငြိမ့်ပြလိုက်တယ်။
“အေး… အဲဒီညောင်ပင်တစ္ဆေရှိတယ်။ သဘက်လည်းရှိတယ်။ သူတို့ကကလေးအသားဆိုရင် အသေကြိုက်တာ။ နင်မကြောက်ဘူးလား”
ပန်းသီးစဉ်းစားသွားတယ်။ အရင်ကတည်းက ဒီအကြောင်းတွေကြားတော့ကြားဖူးတယ်။ ပန်းသီး နေမကောင်းဖြစ်တာ ရက်ကြာလို့ဆိုပြီး အမေကအဲဒီညောင်ပင်မှာ ခေါစာသွားပစ်ဖူးသေးတယ်။ အဲဒီတုန်းက ခေါစာပစ်တာဘာလဲလို့ ပန်းသီးမေးတော့ အမေကသေချာမဖြေခဲ့ဘူး။ ပန်းသီးစဉ်းစားနေတာမြင်တော့ ကိုဖိုးကျော်ကအားတက်သွားပြီးဆက်ပြောတယ်။
“အဲဒီတစ္ဆေတွေသဘက်တွေရဲ့ အနီရောင်လျှာကြီးကရှည်လွန်းလို့ မြေကြီးပေါ်မှာတောင် တွဲလောင်းကျနေတာ။ ဆံပင်တွေကလည်း အရှည်ကြီး။ မျက်လုံးတွေဆိုတာကလည်း ပြူးထွက်နေတာ အရမ်းကြောက်ဖို့ကောင်းတာ။ ငါတို့တောင်ကြောက်တယ် ပန်းသီးရ။ အခုကသီတင်းကျွတ်မီးထွန်းပွဲလုပ်ဖို့ ရွှံ့မီးခွက်တွေလုပ်ရမှာမို့လို့သာ ရွှံ့သွားခူးရမှာ။ အဲဒါကြောင့် နင်နေခဲ့။ ကြားလား။ ဘကြီးဖြိုးတို့အိမ်မှာ သွားနေလိုက်”
ကိုဖိုးကျော်ကအားရပါးရပြောပြနေတာကို နားထောင်ရင်း ပန်းသီးတင်မဟုတ်ဘူး။ ကိုပေတူးကပါ မျက်လုံးလေး ကလယ်ကလယ်ဖြစ်လာတယ်။
“ဟေ့ရောင် တော်တော့ကွာ။ မင်းဟာက ငါပါကြောက်လာပြီ”
ကိုပေတူးကဝင်ပြောတော့ ကိုဖိုးကျော်ကကိုပေတူးကိုလှမ်းဟောက်တယ်။
“မင်းကအရေးထဲတမှောင့်။ ကြားလားပန်းသီး။ လာ… ဘကြီးဖြိုးတို့အိမ်ကိုငါတို့လိုက်ပို့ပေးထားခဲ့မယ်။ နင့်အမေပြန်လာလို့မေးရင် နင့်ဟာနင်မလိုက်ရဲလို့ မလိုက်တာလို့ဖြေနော်။ လာလာ သွားမယ်။ မောင်ငယ်လာ။ ပူစူးမတို့ကဆဲနေလောက်ပြီ”
ကိုဖိုးကျော်ကပန်းသီးလက်ကိုဆွဲပြီး အရှေ့ကနေထွက်လာတော့ ကိုပေတူးနဲ့ ကိုငယ်က အနောက်ကနေ လိုက်လာကြတယ်။ ဘကြီးဖြိုးတို့အိမ်ရှေ့ရောက်တော့ ကိုဖိုးကျော်ကပန်းသီးကိုမှာပြန်တယ်။
“ပန်းသီး… ဘယ်မှလျှောက်မသွားနဲ့နော်။ နင့်အမေနင့်အစ်ကိုကို ရိုက်နေဦးမယ်။ သွားတော့ အိမ်ထဲဝင်တော့။ ငါတို့သွားပြီ။ လာ မောင်ငယ်လာ မြန်မြန်သွားကြမယ်”
ကိုငယ်တို့ထွက်သွားတာကို ပန်းသီးကခြံဝကနေငေးပြီးကျန်ခဲ့တယ်။ ကိုငယ်ကပန်းသီးကို လှည့်ကြည့်လှည့်ကြည့်နဲ့ ကိုဖိုးကျော်ဆွဲခေါ်သွားတဲ့နောက်ကို ပါသွားတယ်။
“ဘယ်သူတုန်း ခြံဝမှာ”
အမေပိန့်အသံထွက်လာလို့ ပန်းသီးကလှည့်ကြည့်လိုက်တော့ ခြေတံရှည်အိမ်ရဲ့ဝရံတာကနေ အမေပိန်က မျက်လုံးတွေကိုမှေးပြီး ကြိုးစားကြည့်နေရှာတယ်။ အမေပိန်ကဘကြီးဖြိုးရဲ့အစ်မအကြီးဆုံးပေါ့။ အသက်ကကြီးပြီးဆိုတော့ မျက်လုံးကသိပ်မမြင်ရတော့ဘူး။ ပန်းသီးတို့နဲ့ဆို အဘွားအရွယ်ဆိုပေမယ့် တရွာလုံးကအမေပိန်လို့ပဲ ခေါ်ကြတော့ ပန်းသီးတို့ကလည်း အမေပိန်လို့ပဲခေါ်လိုက်တာပဲ။ မောင်နှမတွေအားလုံးထဲမှာ အိမ်ထောင်မကျဘဲကျန်ခဲ့တဲ့ အမေပိန်နဲ့ဘကြီးဖြိုးတို့က အတူတူနေကြတယ်။ အကြီးဆုံးနဲ့ အငယ်ဆုံးဆိုတော့ အသက်ကကွာကြတယ်။ ငယ်ငယ်တုန်းကတော့ အမေပိန်ကဘကြီးဖြိုးကို ထိန်းကျောင်းလုပ်ကိုင်ပေးခဲ့တော့ အခုဘကြီးဖြိုးကအမေပိန့်ကို ပြန်လုပ်ကျွေးနေတာလို့ အမေက ခဏခဏပြောပြတယ်။ ကိုငယ်နဲ့ပန်းသီးကတော့ ငါးနှစ်ပဲကွာတာတဲ့။ ဒါပေမယ့် ပန်းသီးကတော့ ကြီးလာရင် ကိုငယ့်ကိုပြန်လုပ်ကျွေးမှာပဲ။ ပန်းသီးကို ကိုငယ်ကမထိန်းချင်လည်း ထိန်းပေးခဲ့ရတာပဲ မဟုတ်လား။
“ဘယ်သူတုန်းလို့”
“ပန်းတီး”
“ဟဲ့ မောင်ငယ်ရော”
“ကိုပေတူးတို့နဲ့ပါဝါးပြီ”
“ဪ မောင်ငယ်တစ်ယောက်ဟာလေ… အရိုက်ခံရလည်းမမှတ်ဘူး။ လာ လာ အပေါ်တက်ခဲ့။ အမေပိန်နဲ့လာနေ”
ပန်းသီးကအိမ်ပေါ်တက်ပြီး အမေပိန်ရဲ့ပက်လက်ကုလားထိုင်ဘေးမှာထိုင်ချလိုက်တော့ အမေပိန်က မုန့်ပုံးအဟောင်းထဲကနေ ထန်းလျက်ခဲသုံးခဲထုတ်ကျွေးတယ်။ ပန်းသီးကတစ်ခဲကိုစားပြီး နောက်နှစ်ခဲကို အင်္ကျီအိတ်ကပ်ထဲကိုထည့်လိုက်တယ်။ အမေပိန်က သူ့အတွက်လည်းတစ်ခဲထုတ်ပြီး မြုံ့နေတယ်။
“အမေပိန်”
“ဟေ”
“ရွာထိပ်က ညောင်ပင်ကြီးကလေ”
“အင်း”
“အဲ့မှာ တရဲရှိလား”
“ရှိမှာပေါ့။ သက်ရှည်ပင်ကြီးပဲကို”
“သူတို့က ကလေးတွေကို ဖမ်းစားတတ်တယ်ဆို”
“ပြောကြတာပါပဲ”
“ဘာလို့လဲ”
“ထမင်းဆာလို့နေမှာပေါ့”
“အဲဒါကြောင့် ခေါစာပစ်ရတာလား”
“အေးပေါ့”
ပန်းသီးကတိတ်သွားတယ်။ အဲဒါကြောင့် ပန်းသီးနေမကောင်းဖြစ်တုန်းက အမေကခေါစာသွားပစ်ရမယ်လို့ ပြောတာကိုး။ ခဏကြာတော့ ပန်းသီးကအမေပိန့်ကိုကြည့်လိုက်ပြန်တယ်။ အမေပိန်က ပက်လက်ကုလားထိုင်ပေါ်မှာ မှီချပြီး ထန်းလျက်မြုံ့နေတုန်းပဲ။
“အမေပိန်”
“အေး”
“ပန်းတီးတ ကလေးလား”
“အေးပေါ့… ကလေးပေါ့”
“ကိုငယ်ကရော”
“မောင်ငယ်လည်း ဆယ့်နှစ်နှစ်ပဲရှိသေးတာပဲ။ ကလေးပဲပေါ့”
“လူကြီးကဘယ်တော့ဆိုဖြစ်တာလဲ”
“ဆယ့်ရှစ်၊ ဆယ့်ကိုး၊ နှစ်ဆယ်လောက်ပေါ့”
“ကြာဦးမှာပေါ့နော်”
“အင်း ကြာဦးမှာ”
ပန်းသီးစဉ်းစားရပြန်ပြီ။ ပန်းသီးကို သရဲဖမ်းစားမှာစိုးလို့ဆိုပြီး ထားခဲ့ကြတဲ့ ကိုငယ်တို့ကလည်း ကလေးပဲတဲ့။ ဒါဆိုရင်တော့ ဒုက္ခပါပဲ။ ကိုငယ်တို့ကို သရဲသဘက်ကြီးတွေက ဖမ်းစားလိုက်ရင် ဘယ်လိုလုပ်မလဲ။ ပန်းသီးလိုက်သွားပြီး သတိပေးမှဖြစ်မယ်။ အမေပိန့်ကိုလှမ်းကြည့်လိုက်တော့ ထန်းလျက်ကုန်သွားတာလား။ တကယ်အိပ်ပျော်သွားတာလားတော့ မသိဘူး။ ငြိမ်နေတယ်။ ပန်းသီးကအမေပိန့်ခြေထောက်တင်တဲ့ ဖက်ခေါင်းအုံးကိုပန်းသီးထိုင်နေခဲ့တဲ့နေရာမှာ ပုံပုံကလေးချလိုက်တယ်။ ဒါမှအမေပိန်လှမ်းကြည့်ရင် ပန်းသီးအိပ်နေတယ်လို့ထင်ပြီး စိတ်အေးမှာလေ။ ပြီးတော့ ပန်းသီးကခြေသံမထွက်အောင် အိမ်ပေါ်ကအသာဆင်းခဲ့ပြီး လယ်ထဲဆင်းတဲ့လမ်းဘက်ဆီကို အသားကုန်ပြေးတော့တာပဲ။ ရွာထိပ်ကညောင်ပင်နားရောက်တော့ ခြေလှမ်းတွေတုန့်ခနဲရပ်သွားတယ်။ အဝေးကကြည့်ရင်တောင် ညောင်ပင်ကြီးက ကြောက်စရာကောင်းနေတာကို။ ညောင်ပင်ကြီးကိုကြည့်ရင်း ပန်းသီးဒူးတွေတုန်လာပြီး ရွာဘက်လှည့်ပြေးချင်လာတယ်။ ကိုငယ့်မျက်နှာကို မြင်ယောင်လာပြန်တော့လည်း ရွာဘက်ကိုလှည့်ပြေးတော့မယ့် ခြေလှမ်းတွေကတန့်သွားပြန်တယ်။ ချီတုံချတုံအကြာကြီးဖြစ်နေပြီးမှ မထူးတော့ဘူးလို့ဆုံးဖြတ်လိုက်ပြီး ဂါဝန်ကိုမလိုက်တယ်။ ဂါဝန်စကို ခါးနားမှာစည်းလိုက်ပြီး ပြေးနိုင်သမျှအမြန်ဆုံးအရှိန်နဲ့ ညောင်ပင်ဘေးကနေ မျက်လုံးကိုမှိတ်ပြီး ဖြတ်ပြေးတော့တာပဲ။ ဘယ်လောက်တောင်ပြေးလိုက်မိလဲမသိဘူး။ ခြေထောက်ကမြေကြီးနဲ့လွတ်သွားပြီး တကိုယ်လုံးငြိမ့်ခနဲ ဖြစ်သွားလို့ လန့်ပြီးမျက်လုံးဖွင့်ကြည့်မိတော့ မျက်လုံးထဲကိုရေတွေဝင်လာလို့ အမြန်ပြန်ပိတ်လိုက်ရတယ်။ ပြီးတော့မှကုန်းရုံးထပြီးကြည့်လိုက်တော့ ကန်သင်းရိုးပေါ်ကနေ လယ်ကွက်ထဲကိုပြုတ်ကြသွားတာ။ တကိုယ်လုံးဗွက်တွေပေကုန်ပေမယ့် မသုတ်အားဘူး။ ကန်သင်းရိုးပေါ်အမြန်ပြန်တက်ပြီး ကိုငယ်တို့ရှိနေလောက်မယ့် မမပူစူးတို့လယ်ထဲကို ထပ်ပြေးရပြန်တယ်။ ပန်းသီးပြေးလာတာကို အဝေးကနေလှမ်းမြင်တဲ့ မမပူစူးကပန်းသီးကိုလှမ်းအော်ခေါ်တယ်။
“ဟေး… ပန်းသီး… မမတို့ဒီမှာ။ ဒီကိုလာခဲ့”
ပန်းသီးလည်းအားတက်သွားပြီး ဆက်ပြေးပြန်တယ်။
“မပြေးနဲ့ ချော်လဲမယ်”
မမပူစူးကထပ်အော်ပြန်တယ်။ အော်လို့မှမဆုံးခင် ပန်းသီးချော်လဲပါလေရော။
“ကဲ… လဲပြီ။ မောင်ငယ်ရေ ပန်းသီးလိုက်လာတယ်။ ဟိုမှာချော်လဲနေလို့ ငါသွားထူပေးလိုက်ဦးမယ်”
ကိုငယ့်ကိုလှမ်းအော်ပြောပြီး မမပူစူးက ပန်းသီးဆီကိုပြေးလာတယ်။ ကိုငယ်ရဲ့စိတ်ညစ်သွားတဲ့မျက်နှာကို ပန်းသီးလှမ်းတွေ့လိုက်သေးတယ်။ မမပူစူးက ပန်းသီးကိုလက်တွဲပြီး ကိုငယ်တို့ရွှံ့တူးနေကြတဲ့ဆီကို ခေါ်လာပေးတယ်။
“နင်လယ်ထဲထိ တစ်ယောက်တည်းလာတာလား။ ဘာလာလိုက်လုပ်တာလဲ ပန်းသီးပုတ်မ။ ပြဿနာရှာပြန်ပြီဟာ။ ကြည့်ဦးတကိုယ်လုံးလည်း ဗွက်တွေချည်းပဲ”
ကိုငယ်ကပန်းသီးကိုဆီးဟောက်တော့တာပေါ့။
“ကိုငယ်… ညောင်ပင်ကြီးမှာနေတဲ့သရဲကြီးက ကလေးတွေကိုဖမ်းစားတယ်ဆို။ ခုနက အမေပိန့်ကိုမေးကြည့်တော့ ကိုငယ်တို့ကလည်း ကလေးပဲရှိသေးတာတဲ့။ အဲတာကို ကိုငယ်တို့မတိဘူးမလား။ ပန်းတီးကအဲတာလာပြောပြတာ။ ကိုငယ့်ကိုသရဲကြီးဖမ်းစားလိုက်မှာစိုးလို့”
ပန်းသီးကရှင်းပြပေမယ့် ကိုငယ့်မျက်နှာကတင်းနေတုန်းပဲ။ ကိုဖိုးကျော်ကိုလှမ်းကြည့်ပြီးတော့တောင် ရန်လုပ်လိုက်သေးတယ်။
“မင်းလျှာရှည်လို့ဖြစ်တာ”
“နင်ကလည်းဟယ်… ကလေးကိုဟောက်ဖို့ပဲ။ နင့်ညီမကနင့်စိတ်ပူပြီး ကြောက်ကြောက်နဲ့လိုက်လာရှာတာ။ ဘာကောင်မှန်းကိုမသိဘူး”
မမပူစူးက ကိုငယ့်ကိုလှမ်းဆူလိုက်ပြီး ပန်းသီးအင်္ကျီကဗွက်တွေကို ကွင်းထဲကရေတွေကိုလက်ခုပ်နဲ့ခပ်ပြီး ဆေးချပေးနေတယ်။
“လမ်းမှာလဲလာသေးတာလား ပန်းသီး”
မမပူစူးကမေးတော့ ပန်းသီးကညောင်ပင်ကြီးဘေးကဖြတ်လာတုန်းက မျက်စိမှိတ်ပြေးလို့ လယ်ကွက်ထဲကို ကျခဲ့တဲ့အကြောင်းကို ပြန်ပြောပြလိုက်တယ်။
“အဲတာကြောင့် သူ့ကိုငါအမြင်ကပ်တာ။ လုပ်လိုက်ရင် ငါဆော်ပလော်တီးခံရမယ့်အကွက်တွေချည်းပဲ”
“ကဲပါ တော်ပါတော့။ မဆူပါနဲ့တော့ဟဲ့။ ရွှံ့တွေလည်းရနေပြီဆိုတော့ ပြန်ရအောင်လေ။ ခဏနေ နေဝင်တော့မှာ”
“နင်တို့ပြန်နှင့်ကြ။ ငါတို့ဂဏန်းနှိုက်လိုက်ဦးမယ်”
ကိုဖိုးကျော်ကပြောတော့ မမပူစူးကရွှံ့တောင်းကိုရွက်ပြီး ပန်းသီးလက်ကိုဆွဲလိုက်တယ်။ ပန်းသီးကရုန်းလိုက်ပြီး ကိုငယ့်ကိုကြည့်လိုက်တယ်။
“ပန်းတီးကိုငယ်နဲ့တူတူပြန်မှာ”
“ဟာ ဘာကိုတူတူပြန်မှာလဲ။ သွား… ပူစူးမနဲ့လိုက်သွား။ ငါတို့ကနောက်ကျမှာ။ နင့်စောင့်ခေါ်ဖို့အချိန်မရှိဘူး”
“လာပါပန်းသီးရယ်။ မမနဲ့ပြန်မယ်နော်”
“ဟင့်အင်း”
“ပန်းသီး”
ကိုငယ်ကစိတ်တိုတဲ့အသံနဲ့ခေါ်ပေမယ့် ပန်းသီးကရပ်နေရာကနေမရွေ့ဘူး။
“ကဲပါ ထားခဲ့လိုက်။ ငါခေါ်ခဲ့မယ်။ ပူစူးမနင်သွားတော့ နင့်တောင်းက လေးနေတာ။ ဟိုမှာမီးခွက်လုပ်ဖို့ စောင့်နေကြမှာ။ မြန်မြန်သွား”
ကိုပေတူးကဝင်ပြောလိုက်တော့မှ မမပူစူးတို့လည်းထွက်သွားတယ်။ ကိုငယ်နဲ့သူ့သူငယ်ချင်းနှစ်ယောက် ဂဏန်းနှိုက်နေကြတာကို ပန်းသီးကကန်သင်းပေါ်ကနေ ထိုင်ကြည့်နေလိုက်တယ်။ နေဝင်ခါနီးအထိတစ်ကောင်မှ မရကြပါဘူး။
“ဟေ့ရောင်တွေ ပြန်မယ်ပြန်မယ်။ နေဝင်သွားရင် ငါကြောက်တယ်ဟ”
ကိုပေတူးကပြောတော့မှ ကိုငယ်နဲ့ကိုဖိုးကျော်ကတက်လာကြပြီး ပြန်ဖို့ပြင်ကြတယ်။ အပြန်မှာတော့ ပန်းသီးကအရှေ့ဆုံးက၊ ပန်းသီးအနောက်ကနေ ကိုပေတူး၊ ကိုဖိုးကျော်၊ ကိုငယ်တို့က ရွှံ့တောင်းတစ်ယောက်တစ်တောင်းစီထမ်းပြီး လယ်ကန်သင်းတွေပေါ်ကနေ လျှောက်လာကြတယ်။ ကိုပေတူးက ပေါက်ကရသီချင်းတွေကို ဟိုတစ်စဒီတစ်စရွတ်လို့၊ ကိုဖိုးကျော်နဲ့ ကိုငယ်ကတော့ စကားတပြောပြောပေါ့။ ရွာထိပ်နားရောက်ခါနီးတော့ နေကတော်တော်ဝင်နေပြီ။ အဝေးကနေလှမ်းမြင်ရတဲ့ ညောင်ပင်ကြီးက တကယ်ကိုကြောက်စရာကောင်းနေတော့ ပန်းသီးကလန့်နေတယ်။ ဟိုသုံးယောက်ကလည်း ညောင်ပင်နဲ့နီးလာတော့ အလိုလိုတိတ်သွားကြတယ်။ ညောင်ပင်ဘက်ကို တတ်နိုင်သမျှမကြည့်ဘဲ ခြေလှမ်းကို ခပ်သွက်သွက်လှမ်းနေတုန်းမှာပဲ ပန်းသီးကမနေနိုင်ဘဲ မျက်လုံးတွေကို တချက်ဝေ့ကြည့်မိလိုက်တယ်။
“အွန့်”
တုန့်ခနဲရပ်လိုက်တဲ့ ပန်းသီးကြောင့် အနောက်ကနေဆက်တိုက်လိုက်လာတဲ့သုံးယောက်လုံး တစ်ယောက်ကို တစ်ယောက်တိုက်မိပြီး လဲကျကုန်တော့တာပေါ့။
“အားပါပါး… နာလိုက်တာ။ ဘာလို့ရပ်လိုက်တာတုန်းဟ”
ကိုပေတူးကလှမ်းပြောရင်း ပန်းသီးကိုကြည့်လိုက်တော့ ပန်းသီးကညောင်ပင်ကြီးဘက်ကိုကြည့်ပြီး ပါးစပ်ကလေးပွင့်လို့ မှင်သေနေတာကို တွေ့လိုက်ရတယ်။ သူကလည်းယောင်ပြီး ပန်းသီးကြည့်နေတဲ့ဆီကို လှမ်းကြည့်လိုက်တော့ မျက်လုံးတွေပြူးထွက်လာပြီး ဆွံ့အသွားတယ်။ ကျန်တဲ့နှစ်ယောက်ကလည်း တောင်းတွေကိုကောက်နေရာကနေ ပန်းသီးတို့နှစ်ယောက်ဖြစ်တာကိုတွေ့ပြီး လိုက်ကြည့်လိုက်မိကြပြန်တယ်။
“ဟာ”
ပန်းသီးတို့အကုန်လုံးမြင်လိုက်ရတာက ညောင်ပင်ကြီးရဲ့အပြင်ဘက်ဆုံးအကိုင်းပေါ်မှာထိုင်နေတဲ့ အရိပ်မည်းကြီးတစ်ခုကိုပေါ့။ လျှာအရှည်အနီကြီးတန်းလန်းကိုချ၊ ဆံပင်အရှည်ကြီးကိုဖားလားချပြီး၊ ပြူးထွက်နေတဲ့မျက်လုံးနှစ်လုံးနဲ့ သရဲလား၊ တစ္ဆေလား၊ သဘက်လားမသိတဲ့အကောင်ကြီး။ သစ်ကိုင်းပေါ်မှာထိုင်ပြီး ပန်းသီးတို့ကိုကြည့်နေရင်း သစ်ကိုင်းပေါ်ကနေ အောက်ကိုဖုတ်ခနဲခုန်ချလိုက်တယ်။ အဲဒီအကောင်ကြီးလည်းအောက်ရောက်ရော အကုန်လုံးကြက်သေသေပြီးကြောင်ကြည့်နေရာကနေ ကိုငယ်ကဝုန်းခနဲအရှေ့ကိုပြေးတက်လာပြီး ပန်းသီးရှေ့ကနေ ကာရပ်လိုက်တယ်။ ပန်းသီးက ကိုငယ့်အနောက်ကနေကွယ်ရပ်ရင်း ကိုငယ့်အင်္ကျီစကိုကိုင်ထားလိုက်တယ်။
“ကျွန်တော်တို့ကို ဘာမှမလုပ်ပါနဲ့ဗျာ”
ကိုငယ့်အသံက တုန်တုန်ရီရီနဲ့ထွက်လာတယ်။ အဲဒီအကောင်ကြီးကတဖြည်းဖြည်းချင်းနဲ့အရှေ့တိုးလာတယ်။ သူလမ်းလျှောက်လာတော့ သူ့ရဲ့လျှာကြီးကလည်းမြေကြီးပေါ်မှာတွဲလောင်းကြီး လိုက်ပါလာတာပေါ့။ ဒီအတိုင်းတဖြည်းဖြည်းနဲ့ကပ်လာရင် အရှေ့ဆုံးကနေကာထားတဲ့ ကိုငယ့်ကိုအရင်ဖမ်းစားမိတော့မှာပဲလို့ တွေးမိသွားတော့ ပန်းသီးစိတ်ထဲမှာ ပူသွားတယ်။ ဘာမှမတွေးနိုင်ဘဲ ကိုငယ့်အရှေ့ကိုဝုန်းခနဲခုန်ထွက်လိုက်ပြီး မျက်လုံးကိုမှိတ်ထားရင်း လက်နှစ်ဖက်နဲ့ ကိုငယ့်ကိုကာထားလိုက်တယ်။
“ကိုငယ့်ကိုမစားပါနဲ့။ ပန်းတီးကိုပဲစားလိုက်ပါ။ ကိုငယ့်ကိုမစားပါနဲ့”
ကိုငယ်ကပန်းသီးရဲ့ပခုံးကိုဆွဲပြီးနောက်ကိုပို့ပေမယ့် ပန်းသီးကတောင့်ခံထားတယ်။
“ကျွန်တော့ညီမလေးကိုမစားပါနဲ့။ ကျွန်တော့ကိုပဲစားပါ”
ကိုငယ့်အသံထွက်လာတော့ ပန်းသီးအံ့ဩသွားတယ်။ မျက်လုံးတွေလည်း ပြန်ပွင့်လာတယ်။ ကိုငယ်ကပန်းသီးကိုချစ်တာပဲလို့ တွေးမိတော့ ပန်းသီးပျော်သွားတယ်။
“ဘာတွေပြောနေကြတာလဲ”
အဲဒီအကောင်ကြီးဆီကနေ အသံထွက်လာတော့ ပန်းသီးတို့တွေအံ့ဩသွားကြတယ်။
“ငါကနင်တို့ကိုစားမယ်လို့ ဘယ်သူပြောတာလဲ”
“ဟို… ဟို”
“လူကြီးတွေပြောတာမဟုတ်လား။ အဲဒီလူကြီးတွေဟာလေ… တဆိတ်ရှိငါတို့နဲ့ပဲခြောက်နေကြတာပဲ။ မသိရင် ငါတို့ကပဲ ကလေးတွေကို အကောင်လိုက်မြိုနေသလို။ ခုနက ဒီကလေးမလေးဒီနားကဖြတ်သွားတုန်း ကန်သင်းပေါ်ကနေ လယ်ကွက်ထဲပြုတ်ကျသွားလို့ အဆင်ပြေရဲ့လား၊ ထိခိုက်သွားသေးလားလို့ မေးမလို့ စောင့်နေတာ”
“ဒါဆို ကျွန်တော်တို့ကို မစားဘူးလားဟင်”
ကိုငယ်ကမေးတော့ အဲဒီအကောင်ကြီးက စိတ်ကုန်နေတဲ့အသံနဲ့ ပြန်ဖြေတယ်။
“နင်တို့အကောင်လိုက်ကြီးကို ငါဘယ်လိုစားမှာလဲ”
“ဒါဆို ခေါစာပစ်ရတာကကျတော့ရော”
ပန်းသီးကသတိရတာကို အမြန်မေးလိုက်တယ်။
“ကလေးတွေက မတော်တဆငါတို့ကိုမြင်သွားရင် လန့်ဖျားဖျားတယ်လေ။ အဲတာကို သူတို့ဟာသူတို့ နေရင်းထိုင်ရင်းမဆီမဆိုင် ငါတို့ကိုထမင်းလာကျွေးတော့လည်း ငါတို့စားရတာပေါ့”
“ဪ… ဒီလိုကိုး”
ပန်းသီးကပြုံးစိစိနဲ့ပြောတော့ အဲဒီအကောင်ကြီးက ပန်းသီးကိုအထိတ်တလန့်ကြည့်တယ်။
“ဟိတ်… ငါ့စားပေါက်တော့ ပိတ်မယ်မကြံနဲ့နော်။ ငါကဖမ်းစားလို့မရပေမယ့် လန့်အောင် ပုံပြောင်းခြောက်ပြလိုက်လို့ ဖျားသွားမယ်။ ဒီအကြောင်းတွေ လျှောက်မဖွနဲ့ ကြားလား”
“မဖွပါဘူး”
အသံက လေးယောက်လုံးဆီကတပြိုင်တည်းထွက်လာကြတယ်။ အခုဆိုရင် အဲဒီအကောင်ကြီးကို ဘယ်သူမှမကြောက်ကြတော့ဘူး။
“သွားကြတော့ သွားကြတော့ မိုးချုပ်တော့မယ်”
အဲဒီအကောင်ကြီးကပြောတော့ ကိုငယ်တို့ကရွှံ့တောင်းတွေကိုပြန်မပြီး လမ်းဆက်လျှောက်ဖို့ပြင်ကြတယ်။ ကိုငယ်က တစ်ဘက်ကကျောမှာပိုးထားတဲ့တောင်းကို ထိန်းထားပြီး တစ်ဘက်ကတော့ ပန်းသီးလက်ကိုကိုင်ထားတယ်။ နည်းနည်းလျှောက်လာပြီးတော့မှ ပန်းသီးကသတိရသွားပြီး အိတ်ကပ်ထဲကိုစမ်းလိုက်တော့ ကံကောင်းလို့အမေပိန်ပေးထားတဲ့ထန်းလျက်နှစ်တုံးက ရေလေးနည်းနည်း စိုတာကလွဲရင် အကောင်းအတိုင်းရှိနေသေးတယ်။
“ကိုငယ် ခဏလေး”
ပန်းသီးကကိုငယ့်လက်ကိုဖြုတ်ပြီး ညောင်ပင်ကြီးဆီကိုပြေးသွားတယ်။ ပန်းသီးပြေးလာတာကိုမြင်တော့ အကောင်ကြီးက သစ်ကိုင်းပေါ်ကနေပြန်ခုန်ဆင်းလာတယ်။ ပန်းသီးကလက်သီးဆုပ်လေးကိုကမ်းပေးတော့ အကောင်ကြီးက ပန်းသီးကိုကြောင်ကြည့်နေတယ်။
“ဘာလဲ”
မေးရင်းနဲ့လက်ဖြန့်လိုက်တဲ့အကောင်ကြီးရဲ့လက်ထဲကို ပန်းသီးကထန်းလျက်နှစ်ခဲထည့်ပေးလိုက်တော့ အကောင်ကြီးက အံ့ဩသွားတဲ့ မျက်နှာနဲ့ပေါ့။
“ငါ့အတွက်လား”
“အင်း”
ပန်းသီးကခေါင်းငြိမ့်ပြပြီး ပန်းသီးကိုရပ်စောင့်နေတဲ့ကိုငယ့်ဆီကို ပြန်ပြေးလာတယ်။ ပြီးတော့ ပန်းသီးကိုကမ်းပေးနေတဲ့ ကိုငယ့်လက်ကိုလှမ်းတွဲလိုက်တယ်။ ပြည့်ခါနီးလက ဒီနေ့ကျမှာစောထွက်လာတယ်ထင်တယ်။ ရွာလမ်းတလျှောက်လုံးက လရောင်နဲ့ လင်းလို့ဝင်းလို့။ မနက်ဖြန်ညကျရင်တော့ ဒီလမ်းတလျှောက်လုံးက ကိုငယ်တို့ခူးလာတဲ့ရွှံ့နဲ့ မမပူစူးတို့လုပ်ကြမယ့် ဗာဒံရွက်ရွှံ့မီးခွက်တွေစီတန်းပြီး လှနေတော့မှာပဲ။ လရောင်အောက်မှာ လမ်းလျှောက်နေကြရင်း ကိုပေတူးကကဗျာတစ်ပုဒ်ကိုရွတ်တော့ ကိုဖိုးကျော်ရော၊ ကိုငယ်ရောက လိုက်ရွတ်ကြတယ်။ အဲဒီကဗျာကို အမေပိန်ကအမြဲရွတ်ပြနေကျဆိုတော့ ပန်းသီးလည်းရတယ်။ အကုန်လုံးကောင်းကောင်းရတာ ဒီတစ်ပုဒ်ပဲရှိတော့ အဲဒီညက အိမ်မရောက်မချင်း ပန်းသီးတို့တွေ အဲဒီကဗျာကိုပဲ လမ်းတလျှောက်လုံး ရွတ်သွားကြတယ်။
“ဟေးလာဟေ့ လူတွေစုလို့
တို့လယ်တောကိုသွားစို့ကွယ်
ပလိုင်းလေးတွေ ပါရဲ့လားဟဲ့
ရွှံ့တွေခူးကာထည့်ဖို့ရယ်
နွားရိုင်းမသွင်းခင် အမီပြန်ကြစို့
သရဲသဘက်တွေလိုက်တတ်တယ်
အိမ်ပြန်ရောက်ရင် ဗာဒံရွက်နဲ့
ရွှံ့မီးခွက်တွေလုပ်ကြမယ်
နေဝင်တဲ့အခါ စိမ်းဖန့်ဝင်းလို့
ဆီမီးရောင်စုံ လှလိမ့်မယ်
လှလိမ့်မယ် လှလိမ့်မယ်”
Illustrated by Kevin Thet










