2010s ဆယ်စုနှစ်အတွေး
မကြာခင်တွင် ၂၀၁၉နှင့်အတူ ၂၀၁၀ဆယ်စုနှစ်ပါ ကုန်ဆုံးတော့မည်ဖြစ်ရာ ကျနော်တို့တွေ တစ်နှစ်တာအတွက်သာမက ဆယ်စုနှစ်တစ်ခုလုံးအတွက်ပါ နောက်ပြန်လှည့်ကြည့်ကာ ပြန်လည်သုံးသပ်ကြပြီဖြစ်သည်။ ယခုဆယ်စုနှစ်တစ်ခုလုံးတွင် ဘာတွေပြောင်းလဲခဲ့ပြီနည်း...။
ကျနော်တို့ပထမဆုံးမြင်တတ်သည့်အရာမှာ ဆယ်စုနှစ်တစ်ခု၏ နုပျိုခြင်း၊ ငယ်ရွယ်ခြင်း၊ ရင့်ကျက်လာခြင်းတို့ဖြစ်မည်ထင်သည်။ ယင်းတို့နှင့်အတူ မချင့်မရဲအတွေးတချို့ “ဟင် အချိန်တွေကလည်းမြန်လိုက်တာ၊ ဘာမှမဟုတ်သလိုဘဲ” တွေးမိနိုင်သည် ။ တပါတည်းပင် “အော်..ငါအတော်ပြောင်းလဲခဲ့ပြီပဲ” ဟူ၍လည်းတွေးမိကာ ပြုံးမိနိုင်၏။ ထူး၍လည်း “အချို့လုပ်ချင်ခဲ့တဲ့အရာတွေ ငါသေချာမလုပ်ရသေးပါလား၊ အော် ဒါတွေကတော့ ငါအတော်ခရီးပေါက်ခဲ့ပြီပဲ”...ဆို၍...ဆို၍ အတွေးစဥ်မျှင်တန်းလည်း တန်းနိုင်သေးသည်။ ပြန်တွေးကြည့်မိလိုက်တိုင်း တသိမ့်သိမ့်ကြည်နူးမိစေမည့် မိုင်တိုင်များ စိုက်ထူနိုင်ခဲ့ရသလို၊ ပြန်တွေးမိလိုက်တိုင်း တဆစ်ဆစ်နာကျင်ရစေသော ဆုံးရှုံးမှုများ၊ လွှဲချော်ခဲ့မှုများလည်း ရှိခဲ့နိုင်သည်။
(သေချာသည်ကတော့) ဆယ်စုနှစ်တစ်ခုအတွင်းတွင် မည်သူမဆို အတော်ကလေးပြောင်းလဲသွားခဲ့ပြီ ဖြစ်သည် – ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ – အရာရာသည် လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကကဲ့သို့ မဟုတ်တော့ပြီ။ အလားတူ ကျနော်တို့ပတ်ဝန်းကျင်၊ ကမ္ဘာကြီးသည်လည်း – နည်းပညာ၊ ရုပ်ဝတ္ထုအားဖြင့် – အရာရာသည် လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကလို မဟုတ်တော့။
(မည်သို့ပင်တွေးသည်ဖြစ်စေ) ယင်းပြောင်းလဲခဲ့သည့်အရာများစွာတွင် ကျနော်တို့ အဓိက ဆန်းစစ်ကြည့်ရမည့်အရာမှာ ကျနော်တို့၏ကိုယ်ပိုင်အတွေးအခါ်များ ဖြစ်၏။ ကျနော်တို့၏ ကိုယ်ပိုင်အတွေးအခေါ်တွေ (ဒီဆယ်စုနှစ်အတွင်း) ပြောင်းလဲခဲ့ပါသလား။ ကိုယ်ယုံကြည်ခဲ့သည့်အရာအချို့ကို ယခုထိတိုင်အောင် ယုံကြည်နေပါသေးသလား။ ယခင်က မယုံကြည်ခဲ့သည့်အရာအချို့အပေါ် ခင်ဗျားယုံကြည်နေပါသေးသလား – ဆိုသောမေးခွန်းများသည် ကျနော်တို့အတွက် (အထူးတလယ်) ပြန်လည်ဆန်းစစ်ရမည့်ထဲတွင် ပါဝင်သင့်သည်။ ဆယ်စုနှစ်တစ်ခု (သို့) ဘဝ၏အပိုင်းအစ၊ အချို့အဝက်ကာလတစ်ခုကို ပြန်လည်ဆန်းစစ်လိုက်တိုင်း ကျနော်တို့တွေးရမည့် အရာသည် မည်မျှဓနဥစ္စာ စုစည်းမိခဲ့သည်၊ မည်မျှအောင်မြင်မှုတစ်ခုကို တည်ထောင်လိုက်နိုင်သည်ချည်း မဖြစ်သင့်။ တကယ်တမ်း မည်မျှကျနော်တို့ (စစ်မှန်စွာ) ပျော်ရွှင်ခဲ့ရသည်၊ မည်မျှကျနော်တို့၏ အမှတ်တရပုံရိပ်တွေ(မန်မိုရီတွေ) ရှိခဲ့သည်၊ မည်မျှ (ခင်ဗျား)လုပ်ချင်ရာတစ်ခုကို တစိုက်မတ်မတ် (သို့) ရူးရူးမိုက်မိုက်လုပ်ခဲ့သည် ... ဆိုသည့်အရာတွေပါ,ပါဝင်သင့်၏။ အကယ်၍ ထိုအရာတွေသည် အရေးမကြီးဟု ခင်ဗျားစိတ်ထဲကယုံကြည်နေသေးလျင် ဘဝ၏သစ္စာတရားအချို့ကို မမြင်နိုင်သေးဟုပင် ဆိုရမလိုရှိ၏ – “ဘဝတွင်အရေးအကြီးဆုံးသည်ဘာလဲ” ဆိုသော အမေး၏အဖြေကိုပင် ခင်ဗျားမတွေ့ရှိသေးသောကြောင့်ဖြစ်၏။
တခါတရံ ဘဝတွင်လိုချင်တာကို ရအောင်ယူနိုင်ခြင်းထက် ဘဝတွင်ကိုယ်လုပ်ချင်ရာကို လုပ်လိုက်နိုင်ခြင်းသည် ပိုအရေးကြီးသည်။ သို့သော် ထိုအရာမျိုးတွင် ရူးမိုက်မှုလိုသည်။ လိုချင်တာကိုရအောင်ယူရာတွင်လည်း တခါတရံ ကိုယ်ပိုင်ဆိုင်ထားသည့် အသိ၊ ဉာဏ်ပညာ၊ အတ္တ၊ မာန် စသည့်အရာအချို့ကို (ခဏတာ)စွန့်လွှတ်တတ်ဖို့၊ စွန့်လွှတ်ရဲဖို့လိုသည်။ အဘယ့်ကြောင့်ဆိုသော် တခါတရံ ခင်ဗျားလိုချင်သည့်အရာသည် ခင်ဗျား၏အလွန်လက်တွေ့ကျသောအတွေးအခေါ်၊ ယထာဘူဝကျလွန်းကာ ထက်မြက်သောဉာဏ်ပညာ၏ အပြင်ဘက်ဘောင်တွင် ရှိသောကြောင့်ဖြစ်၏။ အပြစ်ဆိုစရာတော့ မရှိပေ –လူဆိုသည်မှာ အချိန်ကြာလာလေ၊ အသက်အရွယ်ရလာလေ ပို၍၊ ပို၍ လက်တွေ့ကျလာလေ မဟုတ်ပါလား။ သို့သော် တဖြည်းဖြည်း ပို,ပိုလက်တွေ့ကျလာလွန်းသော အတွေးအခေါ်များကြောင့်တော့ ခင်ဗျား၏ပျော်ရွှင်မှုအစစ်အမှန်များ မပျောက်ဆုံးသင့် – ဤကား ကျနော်၏ ၂၀၁၀-၁၉ ဆယ်စုနှစ်အတွေး ဖြစ်၏။ ။
မင်းဆည်း Min Sea, 31 December 2019










